ပင်းတယမြို့၌ နိုင်ငံတော်အစိုးရနိကာယ်စာမေးပွဲတွင် ဝိနည်း(၅)ကျမ်း၌ တစ်နိုင်ငံလုံးတွင် ပထမရရှိအောင်မြင်ပြီး ဝိနယဝိဒူဘွဲ့ရရှိတော်မူသော ရှင်စန္ဒကိတ္တိနှင့် ဝိနည်း(၃)ကျမ်းအောင် ရှင်ပညာဗလတို့အား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနား ကျင်းပ

ပင်းတယ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ မြို့နယ်ဓမ္မာရုံ၌ နိုင်ငံတော်အစိုးရနိကာယ်စာမေးပွဲတွင် အုပ်စု(၁) ခုဒ္ဒကနိကာယ(ဝိနယပိဋက) ဝိနည်း (၅)ကျမ်း၌ တစ်နိုင်ငံလုံးတွင် ပထမရရှိအောင်မြင်ပြီး ဝိနယဝိဒူဘွဲ့ရရှိတော်မူသော ရှင်စန္ဒကိတ္တိနှင့် ဝိနည်း(၃)ကျမ်းအောင် ရှင်ပညာဗလတို့အား ဂုဏ်ပြုပူဇော်ပွဲအခမ်အနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို သံဃာတော်အရှင်သူမြတ်များနှင့် ဒကာ၊ ဒကာမအပေါင်းတို့က နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ကြပြီး ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများက ရတနာမြတ်သုံးပါးအား ရှိခိုးကန်တော့ကြ၍ ရွာငယ်ကျောင်းသစ် ကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်ကို နာယူခဲ့ကြသည်။

 ထိုနောက် တစ်နိုင်ငံလုံးတွင် ပထမရရှိအောင်မြင်ပြီး ဝိနယဝိဒူဘွဲ့ရရှိတော်မူသော ရှင်စန္ဒကိတ္တိနှင့် ဝိနည်း(၃)ကျမ်းအောင် ရှင်ပညာဗလတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထိန်လင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်ကြီးဇာနည်စိုးတို့က  မော်ကွန်းတင်ဂုဏ်ပြုလွှာနှင့် ဓမ္မပူဇာဝတ္တု နဝကမ္မတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က ရွာငယ်ကျောင်းသစ်ကျောင်းဆရာတော် ဟောကြားချီးမြှင့်တော်မူသည့် အနုမောဒနာတရားတော်ကို နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို  ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)