မိုးညှင်းတက္ကသိုလ်၌ တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့ရမောင်မယ် (၈၈၄) ဦးအား ဘွဲ့လက်မှတ်အပ်နှင်းနိုင်

မိုးညှင်း ဖေဖော်ဝါရီ    ၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီ(၄)ရက်မှ (၉) ရက်ထိ ခြောက်ရက်တိတိ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပရာ ဘွဲ့ရမောင်မယ်စုစုပေါင်း (၈၈၄) ဦးအား ဘွဲ့လက်မှတ်အပ်နှင်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဘွဲ့နှင်းသဘင်ကျင်းပခဲ့ရာတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ဘွဲ့နှင်းသဘင်မိန့်ခွန်းအနေဖြင့် ဘွဲ့ရမောင်မယ်များသည် မိုးညှင်းတက္ကသိုလ်၏ အထူးပြုဘာသာရပ်အသီးသီးမှ ပညာသင်နှစ်အဆင့်ဆင့်များအလိုက် သက်ဆိုင်ရာစာမေးပွဲများကို ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီးဖြစ်၍ ထိုက်တန်သောဘွဲ့များအား အပ်နှင်းရန်နှင့် ပညာရေးအဖွဲ့က အတည်ပြုပြဌာန်းခဲ့ပြီးဖြစ်ပါကြောင်းနှင့် ဘွဲ့တက်ရောက်ယူကြသည့် မောင်မယ်များနှင့်တကွ မိဘဆွေမျိုးများက ဝမ်းသာဂုဏ်ယူမဆုံးဖြစ်နေကြသလို ပညာသင်ကြားပေးလိုက်သော မိုးညှင်းတက္ကသိုလ်ကလည်း ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့သည်။

ထို့နာက် တတိယကြိမ်မြောက် ဘွဲ့ထူး၊ ဂုဏ်ထူးများ ပေးအပ်ရာတွင် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းနှစ်ပိုင်းခွဲ၍ ပေးအပ်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နေ့သင်တန်း၌ မဟာဝိဇ္ဇာ/သိပ္ပံတွဲတွင် (၄၂)ဦးနှင့် ဝိဇ္ဇာ/သိပ္ပံတွဲ (ဂုဏ်ထူးဘွဲ့)တွင် (၄၈)ဦးဖြင့်လည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နေ့သင်တန်းနှင့် ၂၀၂၄ပညာသင်နှစ် အဝေးသင်သင်တန်း၌ ဝိဇ္ဇာ/သိပ္ပံရိုးရိုးဘွဲ့တွင် (၇၉၄) ဦးဖြင့်လည်းကောင်း စုစုပေါင်းဘွဲ့ရမောင်မယ် (၈၈၄) ဦးအား တက္ကသိုလ်ပါမောက္ခချုပ်က ဘွဲ့လက်မှတ်များ အသီးသီးအပ်နှင်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားသို့ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ ဝမ်းသာပျော်ရွှင်စွာဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း