မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေ၊ သောက်သုံးရေ တိုးတက်ရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၉

မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေ၊ သောက်သုံးရေ တိုးတက်ရရှိရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မန္တလေး တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေ၊ သောက်သုံးရေရရှိရေးအတွက် မြေအောက်တမံ ၁၀ ခုအား ရှာဖွေတည်ဆောက်သွားရန်နှင့် ဦးစားပေးအဖြစ် မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်များအတွင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်တို့ကို ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်က မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည့် မြေအောက်တမံ ၅ ခု၏ အကျိုးရှိမှုအခြေအနေများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်   ဖြစ်မြောက်နိုင်စွမ်းရှိမည့် မြေအောက်တမံများနှင့်ပတ်သက်လည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး (ရေအရင်းအမြစ်) ဦးဝင်းနိုင်ဦးက မိတ္ထီလာခရိုင် စိုက်ပျိုးရေရရှိရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆိုလာစနစ်သုံး စက်ရေတွင်းများ တူးဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆက်လက်တူးဖော်ဆောင်ရွက်ရန် လျာထားမှုအခြေအနေနှင့် စဉ့်ကိုင်မြို့နယ်တွင် ကျွန်းဦးဆိုလာမြစ်ရေတင်စီမံကိန်းမှ စိုက်ပျိုးမြေဧက ၅၀၀ စိုက်ပျိုးရေရရှိရေးအတွက် စတင်ဆောင်ရွက်မည့်အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ဖြည့်စွက်ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်