ရန်ကုန် ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှပြုလုပ်သော "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ လာဘမုနိဘုရားကြီးဝင်းဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဉီးတင်မောင်ဝင်းက "မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ ဆိုးကျိုးများနှင့် ဖြစ်ပေါ်လာစေနိုင်သော ရောဂါများ၊ လူသားများနှင့်ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုနှင့် ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးနှင့် ဝန်ထမ်းများ၊ စော်ဘွားကြီးကုန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)