ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကျိုးတူလယ်ယာစနစ် ဆောင်ရွက်ကြသည့် တောင်သူများစာချုပ်ချုပ်ဆိုပွဲနှင့် တောင်သူများထံသို့ သွင်းအားစုပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် ရွှေဇာခြည်ဘိုက လေးဆန်စပါးကုမ္ပဏီမှ ဦးသောင်းဝင်းတို့က အမှာစကားများပြောကြားခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကျိုးတူလယ်ယာစနစ်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နွေစပါးအထွက်နှုန်းကောင်းမွန်ရေးနည်းလမ်းများနှင့် ဓာတ်မြေဩဇာထည့်သွင်းခြင်းအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုနှင့် တာဝန်ရှိသူများက Laser word ကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆိုမည့် နွေစပါးစိုက်ဧက (၂၀၀)စိုက်ပျိုးကြသည့် တောင်သူ (၂၀)ဦး၊ ရွှေဇာခြည်ဘိုက လေးဆန်စပါးကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆိုမည့် နွေစပါး စိုက်ဧက (၁၅၀၀)စိုက်ပျိုးကြသည့် တောင်သူပေါင်း (၁၄၉)ဦး၊ Millco ကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆိုမည့် နွေစပါးစိုက်ဧက (၁၅၀၀) စိုက်ပျိုးကြသည့် တောင်သူ (၁၅၆)ဦးတို့ စာချုပ်ချုပ်ဆိုခဲ့ကြပြီး တာဝန်ရှိသူများက တောင်သူများထံသို့ သွင်းအားစုပစ္စည်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)