ဒဂုံအရှေ့ ဖေဖော်ဝါရီ ၉
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဒဂုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်ကျင်းပသည့် (၁၇)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်(ဥပဒေပညာဌာန)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားရာတွင် သွေးလှူဒါန်းခြင်းသည် မွန်မြတ်သော အလှူဖြစ်ပါကြောင်း၊ သွေးလိုအပ်နေသူအတွက် သွေးလှူခြင်းသည် အသက်ကယ်ခြင်းဖြစ်ပြီး ဇီဝိတဒါနဖြစ်ပါကြောင်း၊ သွေးလှူခြင်းသည် အခြားလိုအပ်နေသူတွေ၏ အသက်ကို ကယ်တင်နိုင်သည့်အပြင် လှူဒါန်းသူကိုယ်တိုင်အတွက်လည်း ကောင်းကျိုးတွေ ရရှိစေမှာဖြစ်ပါကြောင်း၊ သွေးလှူခြင်းသည် လူ့အသက်တွေကို ကယ်တင်ပေးနိုင်သည့် အလွန်မွန်မြတ်သည့် အလုပ်ဖြစ်ပါကြောင်း၊ ဆန္ဒအလျောက် လှူဒါန်းပေးကြသည့် သွေးလှူရှင်များအား ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူးချုပ် ဦးကျော်မိုးကြည်နှင့် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဌေးတို့က အမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။
ဆက်လက်၍ ဒဂုံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာအေးမြတ်မွန်က ကျေးဇူးတင်စကားပြောကြားပြီး ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက သွေးလှူဒါန်းပွဲတွင် အချိုရည်များ လှူဒါန်းပေးသော Royal co.ltd အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။
ထို့နောက် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူးချုပ် ဦးကျော်မိုးကြည်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဌေး၊ ဒဂုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာအေးမြတ်မွန်၊ သွေးဘဏ်မှ ဒေါက်တာသီတာအောင်နှင့် တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းကြသူများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ