ခရမ်း ဖေဖော်ဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် (၁၀)နာရီက ခရမ်းမြို့ အ.ထ.က(ကွမ်းမိုးဒိန်း) ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် အ.ထ.က(ကွမ်းမိုးဒိန်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကို လေ့လာဖတ်ရှုစေလိုကြောင်း၊ စာပေဖတ်ရှုခြင်းကြောင့် အတွေးအခေါ်များမြင့်မားလာပြီး အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်ဖြင့် ပြည့်စုံကြွယ်ဝသည့် လူငယ်၊ လူရွယ်များပေါ်ထွန်းလာစေရန် ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်က သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆးဝါးများအန္တရာယ်အကြောင်းနှင့် တိုင်းရင်းဆေးဝါးများ ဝယ်ယူသောက်သုံးပါက သိရှိရမည့်အချက်များအား ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံးသူအခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ရှိ/မရှိ အကြောင်းအရာများ၊ မြန်မာဘာသာဖြင့်ရေးသားထားသော အစားအစားများကိုသာ စားသုံးရန်နှင့် စားသုံးသူအခွင့်အရေး (၈)ချက်၊ တာဝန်(၄)ရပ်အား ဟောပြောခဲ့သည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ၊ ရသစာအုပ်များနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်ပိုစတာများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်၊၊
မြို့နယ်(ပြန်/ဆက်)