ကိုကိုးကျွန်း ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာဦးစီးဌာန ကိုကိုးကျွန်းမြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးနိုင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးမြင့်သူက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-11 ကျောင်းသူ မစုစန္ဒာလင်းအောင်မှ “လူငယ်နှင့် စာရိတ္တ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ထက်ကိုကိုကျော်မှ “လူငယ်နှင့် မျိုးချစ်စိတ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ပြည့်စုံမှ “လူငယ်နှင့်စာပေ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မစုရည်လင်းမှ “လူငယ်နှင့်တီထွင်မှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်နေလင်းမှ “လူငယ်နှင့်မူးယစ်ဆေး”ခေါင်းစဉ်ဖြင့်လည်းကောင်း စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ အခမ်းအနားသို့တက်ရောက်လာသော ကျောင်းသူ၊ ကျောင်းသားများထဲမှ သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးမြင့်သူက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းကျင်းပရာ အခမ်းအနားသို့ ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးနိုင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာလှိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်နှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ စုစုပေါင်းအင်အား (၁၅၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)