ကော့မှူး ဖေဖော်ဝါရီ ၉
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ကျွဲလူးအိုင်ကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ လ ၆ ရက်နေ့နံနက်က အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲတွင် တွံတေးခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က အဖွင့်အမှာစကားပြောကြားရာတွင် ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာနေပြည်သူ များ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင်ဦးဝင်းကြည်မှ ကုန်ထုတ်လမ်းသစ်ဖြစ်ပေါ်လာခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင် စကားပြောကြားခဲ့သည်။
ဆက်လက်၍ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် Straight Life Co.Ltdမှတာဝန်ရှိသူများတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
အဆိုပါ ကျေးရွာကုန်ထုတ်လမ်းမှမြေ (၀/၃.၀၃မိုင်×၁၈'×၂')+ဂဝံ(၀/၃.၀၃မိုင်×၁၂'×၉") အား ၂၀၂၄-၂၀၂၅ ခုနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ်(၈၇.၀၀)သန်းဖြင့် Straight Lif Co.Ltd မှ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တက်ရောက်လာသူများအား စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး လမ်းအား ကြည့်ရှုစစ်ဆးခဲ့သည်။
ကျော်သူရ (ကော့မှူး)