လှည်းကူး ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊အုန်းနဲကုန်းကျေးရွာအတွင်းရှိ နွေစပါး ဧက(၁၀၀) စံပြစိုက်ခင်းများအား ခရိုင်လယ်ယာမြေစိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်လယ်ယာမြေစိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ တာဝန်ရှိသူများက နွေစပါးစံပြစိုက်ခင်း ၁၂၂.၁၆ဧက တွင် စိုက်ပျိုးနေကြသည့် တောင်သူ (၁၅)ဦးအားတွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်နေမှုအခြေအနေများအား မေးမြန်းဆွေးနွေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြပြီး ကွင်းအမှတ် ၁၀၃၃-က ရှိတောင်သူ ဦးမောင်ချို၏ လယ်မြေ ၁၈.၀၀ ဧက အတွင်း သဘာဝရွက်ဖြန်းမြေသြဇာများ ပက်ဖြန်းနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
လှည်းကူးမြို့နယ်တွင် နွေစပါးသီးထပ် ၄၀၀၇၁ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့ထိ ၃၁၉၀၄ ဧက စိုက်ပျိုးထားရှိပြီး စနစ်တကျစိုက်ခင်း ၄၆၄၇ဧကနှင့် တိုက်ရိုက်အစေ့ချကိရိယာ (Seeder)စနစ်ဖြင့် ၁၈၁၈၉ဧက စိုက်ပျိုးထားရှိပြီးဖြစ်၍ လျာထားဧကပြည့်မီအောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့နောက် ခရိုင်နှင့်မြို့နယ်လယ်ယာမြေစိုက်ပျိုးရေးကြပ်မှုအဖွဲ့များက မြို့နယ်အတွင်းရှိ ကျေးရွာ (၃၈)ရွာတွင် ဆောင်ရွက်ထားသည့် နွေစပါးစံပြ ဧကပေါင်း ၁၈၅၇.၆၉ပေါ်တွင် စိုက်ပျိုးထားရှိသော နွေစပါးစိုက်ခင်းများအား အပတ်စဥ်သွားရောက်စစ်ဆေး၍ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)