ချမ်းအေးသာစံ ဖေဖော်ဝါရီ ၈
မန္တလာတက္ကသိုလ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် ပဒေသာကပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ မန္တလာတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တက္ကသိုလ်ဘွဲ့နှင်းခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ကျောင်းသား၊ ကျောင်းသူများမှ ရောင်စုံပန်းဖြာမန်းမန္တလာ ဂုဏ်ပြုသီချင်းဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြိုဆိုဂုဏ်ပြု အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများတွင် စာပေ၊အနုပညာနှင့်ပတ်သက်သည့်ပွဲများ၊ ဈေးရောင်းပွဲတော်များ၊ ပဒေသာကပွဲများအစရှိသည့် အထိမ်းအမှတ်ပွဲတော်များကို နှစ်စဉ်ကျင်းပပေးလျက်ရှိပါကြောင်း၊ အချင်းချင်းစုပေါင်းဆောင်ရွက်တတ်မှု၊ စီမံခန့်ခွဲတတ်မှု၊ စည်းလုံးညီညွတ်မှု၊ အောင်မြင်မှုများကို လက်တွေ့ဘဝကနေ သင်ယူနိုင်မည်ဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှု၊ အချင်းချင်းဝိုင်းဝန်းကူညီပံ့ပိုးပေးမှု၊ ပေါင်းသင်းဆက်ဆံမှု၊ သည်းခံမှု၊ ခေါင်းဆောင်နိုင်မှုဆိုသည့်ရလဒ် ကောင်းများရရှိလာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့်ဆုတံဆိပ်များကိုလည်းကောင်း၊ ကပြဖျော်ဖြေခဲ့သည့်အဖွဲ့များအား ဂုဏ်ပြုငွေများကိုလည်းကောင်း ချီးမြှင့်ခဲ့ပြီး ဈေးရောင်းပွဲတော်တွင် ဘာသာရပ်၊ ဌာန၊ အသင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အခမ်းအနားကိုအစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်