စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းများတွင် မွေးမြူးရေးအထူးပြုဘာသာရပ် ကျောင်းသား၊ ကျောင်းသူများ ရရှိရေး စည်းရုံးဟောပြောပွဲ ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းများတွင် မွေးမြူရေးအတတ်ပညာဆိုင်ရာ ဘာသာရပ်များ သင်ယူခြင်းဖြင့် ရရှိနိုင်မည့် အခွင့် အလမ်းများ ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ အ.ထ.က(၄)၊ အ.ထ.က(၇)နှင့် အ.ထ.က(၈)ကျောင်းများတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ ကျင်းပရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသဦးစီးမှူး ဒေါက်တာ အောင်မြင့်ဟန်၊ အင်းစိန်ခရိုင်ဦးစီးမှူး ဒေါက်တာ နီလာလတ်နှင့် မင်္ဂလာဒုံမြို့နယ်၊ ဦးစီးအရာရှိ ဒေါက်တာနေခြည်နွေးတို့က Grade-9 ပြီးမြောက် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်များအပြင် မွေးမြူရေးအတတ်ပညာ ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် မွေးမြူရေးအသက်မွေးဝမ်းကျောင်း အတက်ပညာများကို သင်ယူနိုင်ပြီး ထူးချွန်စွာ အောင်မြင်ပါက ပညာဆက်လက်သင်ယူနိုင်ခွင့်နှင့် အလုပ်အကိုင်အခွင့်လမ်းများအကြောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းကို မင်္ဂလာဒုံမြို့နယ်၊ အ.ထ.က(၄)ကျောင်းတွင် ဖွင့်လှစ်ထားကြောင်း စသည့် သိကောင်းစရာများကို အသီးသီးပြောဟောခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)