တောင်ဥက္ကလာပ ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ မူကြိုကလေးများ ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၆) ရပ်ကွက်၊ ကေတုမတီလမ်းအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သီရိမြန်မာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မူကြိုကလေးများ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲတွင် တာမွေမြို့နယ်နှင့်တောင်ဥက္ကလာပမြို့နယ် မူကြိုကျောင်းများမှ ပြိုင်ပွဲဝင်မည့်ကလေးများ မိတ်ဆက်ပြီး ပြိုင်ပွဲများ ဆက်လက်ကျင်းပ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေနှင့်အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များ၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ သင်္ဃန်းကျွန်း မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မူကြိုကလေးငယ်များ၏ ကာယ၊ ဥာဏယှဥ်ပြိုင်မှုများဖြစ်သော အာလူးကောက်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ် ကစားနည်းပြိုင်ပွဲ၊ ဘောလုံးနောက်ပစ်ကစားနည်းပြိုင်ပွဲ၊ ပင်ပေါင်ဘောလုံးကစားနည်းပြိုင်ပွဲ၊ ဘောလုံးဖောက်ကစားနည်းပြိုင်ပွဲများ အသီးသီးပါ၀င်ယှဉ်ပြိုင်မှုကို တက်ရောက်အားပေးခဲ့ကြပြီး တေးသီချင်းအမျိုးမျိုးဖြင့် ကပြဖျော်ဖြေခဲ့ကြသည့် ကလေးငယ်များနှင့် ယှဥ်ပြိုင်ခဲ့ကြသည့် ကလေးငယ်များအား အမှတ်တရဂုဏ်ပြု လက်ဆောင်များပေးအပ်ခြင်း၊ သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ကလေးများအား ပဲနို့နှင့်ကိတ်မုန့် အာဟာရကျွေးမွေးခြင်းနှင့် ဧည့်ပရိတ်သတ်များအား ကော်ပြန့်၊ လက်ဖက်ရည်တို့ ကျွေးမွေးခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေမှ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
အဆိုပါ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများနှင့်အဖွဲ့၀င်များ၊ တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာ၀န်ရှိသူများ၊ မူကြိုကျောင်း ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည့်များ၊ ကလေးသူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)