မှော်ဘီ ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စူဠဘွဲ့နှင်းသဘင်ကျင်းပနိုင်ရေး အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မှော်ဘီမြို့နယ်၊ မြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တဂန္တဝါစကပဏ္ဍိတ ဆရာတော်ဦးဃောသိတထံမှ ငါးပါးသီလခံယူခြင်း၊ ပရိတ်တရားတော်များနာကြားခဲ့ပြီး မှော်ဘီမြိုနယ်လုံးဆိုင်ရာ ဓမ္မစရိယ၊ ပါဠိပထမပြန်၊ နိကာယ်စာမေးပွဲ စာအောင်ဆုပေးပွဲ(စူဠဘွဲ့နှင်းသဘင်)တွင် စာအောင် သံဃာတော်များအတွက် မှော်ဘီမြို့နယ်၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘုရားထံတွင် မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စက်မှုဇုန်မှလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများမှ လှူဒါန်းထားသော အလှူငွေကျပ်(၁၄၄)သိန်း၊ Ruby English Language Centre & Pre-School မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ စုပေါင်းအလှူငွေ(၁၆)သိန်း စုစုပေါင်း အလှူငွေကျပ်(၁၆၀)သိန်းကို မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်၊ အဖွဲ့ ဝင်(၁)ဗိုလ်မှူးပြည့်စုံကျော်၊ အဖွဲ့ဝင်(၂)ဦးဝင်းစိုးတို့မှ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပိတ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော်(၉)ပါးအား ရွှေတောင်ခေါက်ဆွဲ အာရုံဆွမ်း ဆက်ကပ်လှူဒါန်း၍ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)