မင်္ဂလာတောင်ညွန့် ဖေဖေါ်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူမီးရထား ရပ်ကွက်၊ မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာကြီး၊ ပါဆယ်ဌာန (၂) ၌ မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်း အခမ်းအနားအား ယမန်နေ့ နေ့လယ် (၂) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် မင်္ဂလာတောင်ညွှန့်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဒုမီးသတ်ဦးစီးမှူး တေဇာလင်း ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃) ဦးတို့ဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာများကို သတိရှိစေရန်နှင့် မီးလောင်မှု အခြေခံသဘောတရား၊ မီးငြှိမ်းသတ်ရေးနည်းစနစ်၊ မီးလောင်မှုအကြောင်းအရင်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်း၊ စစ်ဆေးနည်းများကို အသိပညာပေးဟောပြောခဲ့ပြီး ရိုးရိုးမီးလောင်မှု၊ ဆီမီးလောင်မှုတို့ကို မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးနေမျိုးအေး၊ တိုင်းတာဝန်ခံ ဦးထွန်းဝေနှင့် မီးရထားဝန်ထမ်းအင်အား (၁၂၀) ခန့် တက်ရောက်ခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ အရေးပေါ်အခြေအနေများ ဖြစ်ပွားပေါ်ပေါက်လာပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား သိရှိနိုင်ပါရန် ဖြန့်ဝေခဲ့ပါကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)