မော်လမြိုင် ဖေဖော်ဝါရီ ၈
အသည်းရောင်အသားဝါရောဂါ(စီ)ပိုး စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ အသိပေးဆွေးနွေးပွဲ အခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မွန်ပြည်နယ်အတွင်း အစားအသောက် တည်ခင်းပြင်ဆင်ရောင်းချသူ အုပ်စုများအတွင်း အသည်းရောင်အသားဝါ(ဘီ)နှင့် (စီ)ပိုး ကူးစက်ခံထားရခြင်း ရှိ/မရှိ အခမဲ့ စစ်ဆေးပေးမည့် အစီအစဉ်ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ဦးဆောင်၍ ဟိုတယ်နှင့်စားသောက်ဆိုင်ကြီးများ၊ လက်ဖက်ရည်ဆိုင်များ၊ ဈေးများမှ အစားအသောက် တည်ခင်းပြင်ဆင် ရောင်းချသူများကို ဦးစားပေးစစ်ဆေးပေးနိုင်ရန် မွန်ပြည်နယ်အတွင်း စစ်ဆေးခဲ့သူ (၁၀,၀၀၀) ဦးအနက် အသည်းရောင်အသားဝါ(ဘီ)ပိုး ထွက်ရှိသူ (၄၆၁) ဦးနှင့် အသည်းရောင်အသားဝါ (စီ)ပိုး ထွက်ရှိသူ (၁၄၆)ဦး ရှိခဲ့ပြီး ထိုလူနာများအား ကုသပေးနိုင် ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ်တွင် ပေးအပ်ခဲ့ရာ ဆေးကုသပေးနိုင်ရေးအတွက် စိစစ်ရာ ပိုးတွေ့ရှိသူများအနက် အကြောင်းကြောင်းကြောင့် ဆေးကုသမှု မခံရသေးသူ (၆၄)ဦး ကျန်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ အသည်းရောင်အသားဝါ(စီ)ပိုး ကုသပေးမည့် အစီအစဉ်ကို ပိုးကောင်ရေ ဓါတ်ခွဲစမ်းသပ်စစ်ဆေးသည့် စက်များ ပြန်လည်ပြင်ဆင်မွမ်းမံခြင်း၊ သင်တန်းပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မိုရ်စိုးက အသည်းရောင်အသားဝါရောဂါ(စီ)ပိုး စစ်ဆေးကုသမှုပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အသည်းရောင်အသားဝါ ရောဂါ(စီ)ပိုး စစ်ဆေးကုသပေးနေမှုနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) များ ထိုးနှံပေးနေမှုအား လှည့်လည်ကြည့်ရှုပြီး အားပေးစကား ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူပံ့ပိုးပေးထားသော အသည်းရောင်အသားဝါရောဂါ (ဘီ) ပိုးနှင့် (စီ) ပိုး စစ်ဆေးရာတွင် အသုံးပြုသည့် HBs Ag RDT နှင့် HCV Antibody RDT များ၊ အသည်းရောင်အသားဝါရောဂါ (စီ) ပိုး ကုသရာတွင် အသုံးပြုသည့် Hepatitis C Anti-viral ဆေးများကို ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့သို့ ဖြန့်ဖြူးထားရှိပြီးဖြစ်၍ မွန်ပြည်နယ်အတွင်းရှိ အသည်းရောင်အသားဝါရောဂါ (စီ)ပိုးရှိပြီး ကုသမှုမခံယူရသေးသူများအတွက် ရောဂါပိုးရှိ/မရှိ စစ်ဆေးအတည်ပြုခြင်း၊ ရောဂါပိုးရှိသူလူနာ၏ အသည်းအခြေအနေနှင့် အခြားရောဂါ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ရလဒ်အပေါ်မူတည်၍ (၁၂) ပတ် မှ (၂၄) ပတ်အတွင်း ပျောက်ကင်းအောင် ကုသမှုပေးခြင်းကို ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့၏ အထူးကုပြင်ပလူနာဌာနတွင် အပတ်စဉ်သောကြာနေ့တိုင်း၊ နေ့လယ် (၁၂) နာရီမှ (၂) နာရီအချိန်ထိ စစ်ဆေးကုသမှု ပေးမည်ဖြစ်ကြောင်းနှင့် မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံမြို့နယ်တို့မှ အသည်းရောင် အသားဝါရောဂါ(စီ)ပိုး ပဋိပစ္စည်းရှိသူ (၁၉) ဦးအား လိုအပ်သောစစ်ဆေးမှုများ စတင်ဆောင်ရွက်၍ စစ်ဆေးချက်ရလဒ်များအရ ကုသမှုပေးမည်ဖြစ်ပြီး၊ အခြားမြို့နယ်များမှ အသည်းရောင်အသားဝါ ရောဂါ(စီ)ပိုး တွေ့ရှိထားသော လူနာများအားလည်း ဆက်လက်ကုသမှုများပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)