ဟိုပုံးတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား နိုင်ငံတော်မှချီးမြှင့်ငွေများပေးအပ်

ဟိုပုံး ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်ချိန်မှစ၍ အာဟာရပြည့်ဝရန်နှင့် မွေးဖွားလာသော ကလေးသူငယ်များအား ကလေးသူငယ်အခွင့်အရေး(၄)ရပ်နှင့်အညီ ကာယ၊ ဉာဏ၊ စာရိတ္တ စိတ်လှုပ်ရှားမှု၊ ခံစားမှုပိုင်းဆိုင်ရာနှင့် ပေါင်းသင်းဆက်ဆံရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို အသက်အရွယ်အလိုက် စနစ်တကျ နည်းလမ်းမှန်ကန်စွာရရှိနိုင်မှုအတွက် ကလေးသူငယ်၏ ရှေးဦးဘဝ ရက်ပေါင်း (၁၀၀၀)အတွင်း အာဟာရပြည့်ဝမှုမှ အရေးကြီးသောအချက်ဖြစ်ပြီး ကောင်းမွန်သော ပတ်ဝန်းကျင်မှ အန္တရာယ်ကင်းစွာနေထိုင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးများအား  ချီးမြှင့်ငွေပေးအပ်ခြင်းကို ယမန်နေ့ကစတင်ကာ ဟိုပုံးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ချီးမြှင့်ငွေများပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်၊ မြန်မာ့စီးပွားရေး ဘဏ်မှ တာဝန်ရှိသူများက ဟိုပုံးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၂၉၆)ဦး၊ အသက် (၂)နှစ်အောက်ကလေးငယ် (၂၈၅၆)ဦး စုစုပေါင်း (၃၁၅၂)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၉၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၄၄၁၅၅၀၀၀)ကျပ်အား အကျိုးခံစားခွင့်ရှိသူ လက်ဝယ်အရောက် ချီးမြှင့်ပေးအပ်နိုင်ရေး ဟိုပုံးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)