မူဆယ်မြို့၌ ရှမ်းပြည်နယ်နေ့(ရှမ်းအမျိုးသားနေ့)အခမ်းအနား ကျင်းပ

မူဆယ် ဖေဖေါ်ဝါရီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စိုင်းဆိုင်မောဝ် ခန်းမ၍ ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ပြုလုပ်သည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံအားအလေးပြုသည်။ ဆက်လက်ပြီးရှမ်းပြည်နယ်အလံအား အလေးပြုသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ဖတ်ကြားသည်။ ဆက်လက်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံမှ ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ဖတ်ကြားသည်။ ထို့နောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ စိုင်းဆိုင်ဝမ်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး အတွင်းရေးမှူးစိုင်းခွန်ကျော်က ရှမ်းပြည်နယ်နေ့(ရှမ်းအမျိုးသားနေ့) သမိုင်းကြောင်းအား ဖတ်ကြားတင်ပြသည်။

ထို့ပြင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက မူဆယ်မြို့ မူလ(၅)ရပ်ကွက် သမာဓိလူကြီးအဖွဲ့ထံသို့ သမာဓိလူကြီးအဖွဲ့ပိုင်မြေပေးမိန့်နှင့် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပေးအပ်သည်။ မူဆယ်မြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ စိုင်းလောင်ဝ်လိုင်းက မူဆယ်မြို့ မူလ(၅)ရပ်ကွက် သမာဓိလူကြီးအဖွဲ့ မြေနေရာအကြောင်းရှင်းလင်းခြင်းနှင့် ကျေးဇူးတင်စကားပြောကြားသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြောင်းသိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)