တိုက်ကြီးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၈

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊  ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချို၊ တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်နှင့် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းအကျိုးတော်ဆောင် ဦးကျော်ဆန်းလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ အစိုးရအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ဥာဏစွမ်းရည်ပြိုင်ပွဲများ၊ စာအုပ်ပြပွဲများ၊ ဓာတ်ပုံပြပွဲများနှင့် ကျောင်းသား၊ ကျောင်းသူများ တီထွင်စမ်းသပ်ထားသည့်ပြခန်းများ၊ လက်မှုလက်ရာများ၊ တိုင်းရင်းသားရိုးရာအကအလှများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကိုကျင်းပ ပြုလုပ်ရာအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ကျောင်းစာကြည့်တိုက်များအတွက် သုတရသစာအုပ်များ နှင့် အလှူငွေများကိုပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူးနှင့်အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ကြပြီး "စာဖတ်ခြင်းအကျိုးကျေးဇူး" ခေါင်းစဥ်ဖြင့်ဟောပြောမည့် အမျိုးသားစာပေဆုရှင် စာရေးဆရာ ကောင်းသန့်ကို အမှတ်တရဂုဏ်ပြုလက်ဆောင်နှင့် ဖျော်ဖြေရေးအဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ရာ စာရေးဆရာ ကောင်းသန့်နှင့်ဖျော်ဖြေရေး အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသလို အလှူရှင်များ၏ လှူဒါန်းမှုများကိုလည်း တိုင်းဒေသကြီးဝန်ကြီးများက လက်ခံရယူခဲ့ကြပြီး အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်၍ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသားစာပေဆုရှင်စာရေးဆရာ ကောင်းသန့်က "စာဖတ်ခြင်းအကျိုးကျေးဇူး" ခေါင်းစဥ်ဖြင့် စာပေဟောအသိပညာများပြောခဲ့ပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြသလို အခမ်းအနားတွင်လည်း အ.ထ.က(မြို့မ)ကျောင်း၊ အ.ထ.က(တိုက်ကြီး)ကျောင်းနှင့် အ.ထ.က(အဖျောက်)မှ ကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သီချင်း၊ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်၊ စာကြည့်တိုက်ကိုသွားကြမယ်သီချင်း၊ မြန်မာကျောင်းသီချင်း၊ အောင်ပါစေသီချင်းနှင့် ဖိုးဝရုပ်အကတို့ဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)