ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပခဲ့ရာ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက နိုင်ငံတော်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးက အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာ ဗဟုသုတတိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်များနားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်နီလာစိုးက ဆောင်ရွက်ပြီး အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ မောင်စွမ်းထက်နိုင်(Grade-10)က လူငယ်နှင့်နည်းပညာခေါင်းစဥ်ဖြင့်လည်းကောင်း၊ မငြိမ်းသုခလင်း(Grade-10) က လူငယ်နှင့် ဆိုရှယ်မီဒီယာ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မဆုသီရိတင်(Grade-10)က လူငယ်နှင့်အချိန်၏တန်ဖိုး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်ခန့်ညီရှင်းသန့် (Grade-10)က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မချိုသန်လွင်ကို (Grade-11)က လူငယ်နှင့် မူးယစ်ဆေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်စွမ်းသူအောင် (Grade-11)က လူငယ်နှင့် ပညာရေးခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။  

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များ၊ လူငယ်ရေးရာနှင့်သက်ဆိုင်သည့် အသိပညာပေး နံရံကပ်ပြဘုတ်များ၊ စာအုပ်/စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)