မောက်မယ် ဖေဖေါ်ဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နမ့်ယွမ်းဂေါက်ကွင်း၌ ယမန်နေ့ နေ့လယ် ၁နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က လူငယ်/လူရွယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံ၍ မူးယစ်ဆေးဝါးသုံးစွဲခြင်းအန္တရာယ်မှကင်းဝေးစေရန်၊ မြို့နယ်အတွင်းရှိတိုင်းရင်းသားညီအစ်ကိုမောင်နှမများ ချစ်ခင်ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိစေရန်၊ ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများပေါ်ထွန်းလာစေရန်နှင့် မြို့နယ်အဆင့်မှ ခရိုင်/ပြည်နယ်/တိုင်းအဆင့်မှ မြန်မာ့လက်ရွေးစင်အဆင့်ဆင့်သို့ တက်လှမ်းနိုင်စေရန်ရည်ရွယ်၍ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြော ကြားခဲ့သည်။
ထို့နောက် စစ်ကြောင်းမှူးဦးဆောင်သော အားကစားသမားများနှင့် ပရိတ်သတ်များတို့က နိုင်ငံတော်အလံကိုအလေးပြုကြ၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ် ဆိုခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများတို့က ယနေ့ဖွင့်ပွဲတွင် ယှဉ်ပြိုင်ကစားမည့်ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က ဘောလုံးကန်၍ ပြိုင်ပွဲစတင်ပြီးနောက် ဟိုနမ့်အသင်းနှင့် ကုန်းလမ်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့ကကြည့်ရှုအားပေးခဲ့ ကြပြီး အဆိုပါအလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း(၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးစိုင်းကျော်ထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)