မိုင်းပျဉ်း ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပုအွန်ကျေးရွာအုပ်စု၊ ဝမ်ကျန်းကျေးရွာတွင် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် “နမ့်ပူးခမ်း” စာကြည့်တိုက် အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ယနေ့နံနက် (၁၀) နာရီက အဆိုပါ စာကြည့်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ “နမ့်ပူးခမ်း” စာကြည့်တိုက် အဆောက်အအုံသစ်အား မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးနှင့် မိုင်းပုအွန်ကျေးရွာအုပ်စု စာကြည့်တိုက်ဆောက်လုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးစိုင်းဝဏ္ဏတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်တို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ စာကြည့်တိုက်ဆောက်လုပ်ပြီးစီးမှု ဂုဏ်ပြုမှတ်တမ်းလွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပေးအပ်ရာ ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုင်းဝဏ္ဏက လက်ခံရယူပြီး၊ ကျေးရွာပြည်သူများကိုယ်စား ဦးစိုင်းကောလီက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားအပြီးတွင် အ.ထ.က−မိုင်းပုအွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ အခမ်းအနားသို့ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများ၊ အ.ထ.က−မိုင်းပုအွန်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်ဆက်)