သာစည် ဖေဖော်ဝါရီ ၇
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်ခဲ့သည့် လှိုင်းတက်ကျေးရွာတွင်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ လမ်းထိပ်မုဒ်ဦး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က ကျေးရွာဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသောင်းက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင် ဦးကျော်ဇေယျ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်တို့က ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ၎င်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်းက ကွန်းကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းဂုဏ်ပြုလွှာကို ကျေးရွာဖွံ့ဖြိုးရေး ကော်မတီထံပေးအပ်ပြီး တက်ရောက်လာသူများ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးသည်။
အဆိုပါလမ်းမှာ အရှည် ၁၇၀၀ ပေ၊အကျယ် ၁၂ ပေနှင့်ထု ၆ လက်မရှိပြီး လမ်းခင်းခြင်းနှင့် ဆိုလာရေသန့်စင် စနစ်တပ်ဆင်ခြင်းတို့အတွက် စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၅၀ နှင့် ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၁၄၈ သိန်းတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး လမ်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)