ကျိုင်းတုံမြို့၌ (၄၉) ကြိမ်မြောက် “ဝ”တိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ

ကျိုင်းတုံ ဖေဖော်ဝါရီ  ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၄၉) ကြိမ်မြောက် “ဝ” တိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ယနေ့တွင် မိုင်းဇင်း‌ကျေးရွာအုပ်စု၊ ပင်းဆိုင်း “ဝ” ရွာတွင် ကျင်းပခဲ့သည်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်က အမှာစကားပြောကြားပြီး“ဝ”တိုင်းရင်းသားစု‌ပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီသို့ အမှတ်တရလက်ဆောင် ပေးအပ်ခဲ့သည်။ ထို့နောက် “ဝ” အမျိုးသားပါတီဒုတိယဥက္ကဋ္ဌ ဦးဆမ်မားကိုစ်က နှစ်သစ်ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ယင်းနောက် “ဝ”တိုင်းရင်းသားများက ရိုးရာယဉ်ကျေးမှု အက၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ ဧည့်ပရိတ်သတ်များအား ရိုးရာ အစားအစာများဖြင့် တည်းခင်းဧည့်ခံကြရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့(ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ပွဲတော်လာရောက်လည်ပတ်သူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ရွက်ဟောင်းကြွေပြီး ရွက်သစ်များဝေဆာပွင့်ဖူးသည့် တပိုးတွဲလဆန်း (၁)ရက်နေ့ကို  “ဝ” တိုင်းရင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်အဖြစ် သတ်မှတ်ကြပြီး အဆိုပါပွဲတော်တွင် “ဝ”တိုင်းရင်းသားတို့၏ လယ်/ယာများမှထွက်ရှိသည့် ကောက်ပဲသီးနှံများ၊ ရိုးရာအစားအစာများကို တည်းခင်းဧည့်ခံကာ ဗူးပလွေ၊ အိုးစည်ဗုံမောင်း၊ ရိုးရာအကများဖြင့် စိတ်တူကိုယ်တူ ညီညီညွတ်ညွတ် ပျော်ရွှင်စွာဖြင့်  စုပေါင်းဆင်နွဲကြကြောင်း သိရသည်။         

အောင်ဇင်မြင့်(ပြန်/ဆက်)