တာလေမြို့၌ (၇၈)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

တာလေ ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် (၇၈)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ရှမ်းအမျိုးသားအလံတို့အား အလေးပြု၍ဖွင့်လှစ်ခဲ့ပြီး တာလေမြို့ အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တာလေမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းရီတစ်မှ ရှမ်းပြည်နယ်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့မိမြို့ဖ ဦးစိုင်းသန့်ဇင်လတ်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လတ်၍ ထိုအခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနာဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများအား ရှမ်းရိုးရာတိုးနယားအကအလှတို့ဖြင့် ဧည့်ခံဖျော်ခဲ့ကြပြီး သက်ဆိုင်ရာပြိုင်ပွဲအသီးသီးကို ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

မိုးလရောင်(ပြန်/ဆက်)