ဇေယျာသီရိ ဖေဖော်ဝါရီ ၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ မြှားပစ်အားကစားနည်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ဟောပြောပွဲ အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ကမ္ဘာ့မြှားပစ်အဖွဲ့ချုပ်ကို ၁၉၃၁ ခုနှစ်၊ ပိုလန်နိုင်ငံ ဝါဆောမြို့တွင် အဖွဲ့ဝင်နိုင်ငံ ခုနှစ်နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့သည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံ မြှားပစ်အဖွဲ့ချုပ်ကို ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့်အကြောင်း အရာများနှင့် စတင်ဖွဲ့စည်းခဲ့သည့်ခုနှစ်တွင် ကမ္ဘာ့မြှားပြစ်အဖွဲ့ချုပ်နှင့် အာရှမြှားပစ်အဖွဲ့ချုပ်တို့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် အသိမှတ်ပြုခြင်းခံခဲ့ရသည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံမြှားပစ်အဖွဲ့ချုပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ SEA Games များတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ Asian Games များတွင်ဝင်ရောက် ယှဉ်ပြိုင်ခြင်း၊ Olympic Games များတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း အခြေအနေများအား ရှင်းလင်းဟောပြာခဲ့သည်။
ယင်းနောက် မြန်မာ့လက်ရွေးစင် မြှားပစ်အားကစားသမားနှစ်ဦးမှ မြှားပစ်အားကစားနည်းများအား လက်တွေ့သရုပ်ပြခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)