နမ့်စန်(တ) ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ရှမ်းပြည်နယ်အလံအားအလေးပြုခဲ့ကြသည်။
ထို့နောက် ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက ဖတ်ကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံမှပေးပို့သော သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒေသကိုယ်စားလှယ် ဦးစိုင်းကျော်ဦး က ဖတ်ကြားခဲ့သည်။
ထို့နောက် တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် သဘာဝဘေးဖြစ်ပွားမှုများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့ကြသည့် တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပေးအပ်သော ဂုဏ်ပြု မှတ်တမ်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပေးအပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ဆက်လက်၍ တိုင်းရင်းသား တိုင်းရင်းသူများက ရှမ်းရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့် စုပေါင်းအမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
(၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းနော်ဆိုင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)