အမရပူရမြို့နယ်၌ မြို့နယ်သံဃနာယက အဖွဲ့ဝင်များ သက်တမ်းပြည့် အနားယူခြင်းနှင့် အစားထိုးခန့်အပ်ခြင်း အခမ်းအနား ပြုလုပ်

အမရပူရ ဖေဖော်ဝါရီ ၇

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ဆင်ဖြူမယ်ကျောင်းတိုက်အတွင်းရှိ ဓမ္မသာလကျောင်းတွင် အမရပူရမြို့နယ် သံဃနာယကအဖွဲ့ဝင်များ သက်တမ်းပြည့် အနားယူခြင်းနှင့် အစား ထိုးပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သံဃနာယကအကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဝါသဝသီရီ၊ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဥူးအဂ္ဂဉာဏ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များ၊ အခြားဖိတ်ကြားထားသော ဆရာတော်/ သံဃာတော်များ၊ စုစုပေါင်း ဆရာတော်/သံဃာတော်(၁၀၀)ပါး တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး သံဃာ့နာယက အကျိုးတော်ဆောင် ဆရာတော်မှ ဩဝါဒစကားမိန့်ကြားပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဦးမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ဆက်လက်ပြီး အမရပူရမြို့နယ် သံဃနာယကအဖွဲ့မှ အဖွဲ့ဝင်ဆရာတော်များဖြစ်သည့် ဦးလာဘသိဒ္ဓိ၊ သိက္ခာတော်(၃၉)ဝါ၊ တိုက်ဖြူကျောင်းတိုက် ဆရာတော်၊ ဦးပညာသာရ၊ သိက္ခာတော် (၂၇)ဝါ၊ လက်သမားဂူကျောင်းဆရာတော်၊ ဦးပညာသာမိ၊ သိက္ခာတော်(၃၇)ဝါ၊ နာရီအချိန် ဆရာတော်တို့မှ မြို့နယ်သံဃနာယကအဖွဲ့ဝင်အဖြစ်မှ အနားယူပြီး  အဆိုပါ အနားယူမည့် ဆရာတော်များနေရာတွင် ဦးဝီရိယ၊ သိက္ခာတော် (၂၂)ဝါ၊ လက်သမားဂူကျောင်းဆရာတော်၊ ဦးပညာသာရ၊ သိက္ခာတော်(၂၄)ဝါ၊ မင်္ဂလာတိုက်‌ဟောင်းဆရာတော်၊ ဦးစန္ဒိမာ၊ သိက္ခာတော်(၂၈)ဝါ၊  သူငယ်တော်ကျောင်းတိုက်‌ ဆရာတော်တို့အား မြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော်များအဖြစ် အဆိုပြုထောက်ခံ ခန့်အပ်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ဆရာတော်ကြီး(၃)ပါးနှင့် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့် အတွင်းရေးမှူး ဆရာတော်တို့အား ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့​ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်းနှင့် ကြွရောက်လာသည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)