မောက်မယ် ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်နမ့်ယွမ်းဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က ဖတ်ကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံမှ ပေးပို့လာသောသဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးမြင့်ဇော်က ဖတ်ကြားခဲ့သည်။ ဆက်လက်၍ မောက်မယ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းအသင်းဝင် ဦးစိုင်းကျော်ဟိန်းက ရှမ်းပြည်နယ်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ရှင်းလင်းပြောကြားပြီး ကျောင်းသား/ကျောင်းသူလေးများတို့က တိုင်းရင်းသားရိုးရာအကအလှလေးများတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)