မိုင်းဖြတ်မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

မိုင်းဖြတ် ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ပါလောင်းကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို အဆိုပါ လမ်းသစ်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

‌ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေလွင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျေးရွာနေပြည်သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သုဓမ္မမဏိဇောတဓရ ဦးထွန်းရွှေက လုပ်ငန်းလွှဲပြောင်းအပ်နှံလွှာများကို တာဝန်ရှိသူတစ်ဦးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆက်လက်၍ ကွန်ကရစ်လမ်းသစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်၊ သုဓမ္မမဏိဇောတဓရ ဦးထွန်းရွှေနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေလွင်တို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်အား လှည့်လှည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါလမ်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေ(၁၅.၀၀)ကျပ်သန်း၊ ပြည်သူထည့်ဝင်ငွေ (၁.၅၉)ကျပ်သန်းဖြင့် လမ်းအရှည် ၂၅ပေ၊ အကျယ် ၁၄ပေ၊ ထု ၆လက်မ အတိုင်းအတာရှိ ကွန်ကရစ်လမ်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)