မိုင်းရှူး ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ဖတ်ကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံမှ ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်က ဖတ်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ NGO အသင်း အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ တိုင်းရင်းသားရိုးရာအဖွဲ့များ၊ ရပ်မိ ရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ (၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)