ငါန်းဇွန်မြို့ အ.ထ.က၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ငါန်းဇွန် ဖေဖော်ဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်သစ်တောဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပေးပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမျိုးနိုင်က သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ တောမီးလောင်ခြင်းတို့၏ ဆိုးကျိုးများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး၊ ကျောင်းသား/သူများ လေ့လာဖတ်ရှုနိုင်စေရန် ကျောင်းစာကြည့်တိုက်အတွက် သစ်တောကဏ္ဍနှင့် ပတ်သက်၍ သိကောင်းစရာ စာအုပ်များအား ကျောင်းအုပ်ဆရာကြီး ဦးအောင်မျိုးဦးထံ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးကိုကိုနိုင် (ရုပ်သံကျွမ်းကျင်-၃)က “လူငယ်ရေးရာ အသိပညာပေး”ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ လူငယ်များသည် သုံးဆယ်ရှစ်ဖြာ မင်္ဂလာတရားတော်နှင့်အညီ ကျင့်ကြံပြုမူနေထိုင်ပြီး ဘဝရည်မှန်းချက်အောင်မြင်ရေးအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊ ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲ အခမ်းအနားသို့ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငါန်းဇွန်မြို့ အ.ထ.က ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၄၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

သက်နောင်ဦး(ငါန်းဇွန်)