ဟိုပုံးမြို့နယ် အခြေခံပညာမူလတန်းကျောင်း(နမ်ကင်)၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ဟိုပုံး ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(နမ်ကင်)၌ ဆောင်ရွက်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ဟိုပုံး)တွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဦးစီးအရာရှိ ဒေါ်လင်းလင်းစန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအားလည်းကောင်း ဒုတိယဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက “စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းထိုက်စိုးက “ပလတ်စတစ်အန္တရာယ်ကြိုတင်ကာကွယ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မိုးနိုင်က “မီးဘေးလုံခြုံရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြပွင့်ဖြူက “သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား/ကျောင်းသူများ သိရှိစေရေး အသိပညာပေးဟောပြော ခဲ့သည်။

ထို့အပြင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များအား ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များဖတ်ရှုမှတ်သားနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စာအုပ်စာစောင်ပြပွဲအား ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ဖတ်ရှုမှတ်သားလေ့လာခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)