တံတားဦး ဖေဖော်ဝါရီ ၇
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးတို့အတွက်ရည်ရွယ်ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်းကို နံနက်ပိုင်းက တံတားဦးမြို့နယ် သူငယ်တော် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျင်းပခဲ့ကြောင်းသိရသည် ။
အခမ်းအနားတွင် သူငယ်တော်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူငယ်များအချင်းချင်း တိုင်ပင်ညှိနှိုင်းဆွေးနွေးတတ်စေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆို တတ်စေရန်၊ အတွေးအမြင်များ ကျယ်ပြန့်လာစေရန်၊ မိမိတို့ သိထားသင့်သော ဗဟုသုတများကိုအချင်းချင်း ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က Moderator အဖြစ်ဆောင်ရွက်ပြီး သူငယ်တော်အခြေခံပညာအထက်တန်းကျောင်း(ခွဲ) Grade -11 မှ ကျောင်းသူ မချယ်ရီလှိုင်က လူငယ်နှင့်ကျောင်းစာကြည့်တိုက် ခေါင်းစဉ်ဖြင့်၎င်း၊ Grade -11 မှ ကျောင်းသူ မနွေးနွေးဇော်က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်၎င်း၊ Grade -11 မှ ကျောင်းသူ မသဲရွှေစင်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်၎င်း၊ Grade -11 ကျောင်းသူ မအေမီမီလွင်က လူငယ်နှင့်စာဖတ်ခြင်းအကျိုး ခေါင်းစဉ်ဖြင့်၎င်း အသီးသီးဆွေးနွေးခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိနှင့် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားပေးကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာကြကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)