တံတားဦး ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်၊ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ဖွင့်လှစ်ထားသော အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ တက်ရောက်နိုင်ရေး Grade – 9 ကျောင်းသား/သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း ရတနာထွန်းခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ မွေးမြူရေးကျောင်းအတွက် ဆရာမ ဒေါ်ငြိမ်းငြိမ်းစိုးကလည်းကောင်း၊ စိုက်ပျိုးရေးကျောင်းအတွက် ဆရာ ဦးဖြိုးမင်းထက်နှင့် ဆရာမ ဒေါ်အိအိအောင်က လည်းကောင်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ တက်ရောက်နိုင်ရေးကို ဆရာမ ဒေါ်အေးငြိမ်းအောင်ကလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် Grade – 9 ကျောင်းသား/သူများက မိမိတို့ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်းပေးကြသည်။ အဆိုပါ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့(၃)နှစ် တက်ရောက်ရမည်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်သူများကို တက္ကသိုလ်ကျောင်း၊ ကောလိပ်ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနိုင်ကြောင်း သိရသည်။
ရဲတင့် (ပြန်/ဆက်)