ကျောက်ဆည်မြို့နယ်တွင် စဉ်ဆက်ပညာရေးစာသင်ဝိုင်း ပြုလုပ်၍ အခြေခံ စာရေးခြင်း၊ စာဖတ်ခြင်းများ ဆောင်ရွက်

ကျောက်ဆည် ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သင်ယူသူများ၏ စာရေး၊ စာဖတ်စွမ်းရည်  ပိုမိုတိုးတက်လာစေရန်နှင့် ပိုမိုစွဲမြဲစွာ ကျွမ်းကျင်ပိုင်နိုင်လာစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး၊ နိုင်ငံ့သားကောင်းစိတ်ဓာတ်များ ဖွံ့ဖြိုးလာမှုနှင့် မိသားစုလူမှုစီးပွားဘဝ ကျယ်ပြန့်စွာ တိုးတက်ဖြစ်ထွန်းလာစေရန်၊ စဉ်ဆက်ပညာရေးမှတစ်ဆင့် ဘဝတစ်သက်သာလေ့လာသင်ယူနေသူများဖြစ်လာစေရန်၊ ဝင်ငွေတိုးပွားရေး ချိပ်ဆက်ဆောင်ရွက်ပေးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ရယူနိုင်သော အလားအလာကောင်းများရှိလာစေရန်ရည်ရွယ်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက စဉ်ဆက်ပညာရေး စာသင်ဝိုင်းပြုလုပ်၍ အခြေခံစာရေးခြင်း၊ စာဖတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စဉ်ဆက်ပညာရေး စာသင်ဝိုင်းတွင် မြို့နယ်ပညာရေးမှူးဦးအေးလင်းက အခြေခံစာတတ်မြောက်ရေးသည် တိုင်းပြည်အတွက်အရေးကြီးပြီး အထူးအလေးအနက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ စာမတတ်သူ ပြည်သူလူထု စာတတ်မြောက်ရေးအတွက် စဉ်ဆက်ပညာရေးစာသင်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများက စာသင်ဝိုင်းအား ဆက်လက်သင်ကြားခဲ့ကြောင်း သိရသည်။

စာသင်ဝိုင်းသို့ စုကြီး၊ အနောက်အေးမြသာစည်၊ ရဲစု၊ တောင်လွှဲ၊ ဖောင်ရွာ၊ သစ်ကြီးတန်း၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အင်တိုင်း၊ မြို့ဦး၊ အေးမြကြည်လင်၊ ဟံမြင့်မိုရ် စသည့် ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၅၂)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ (၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ တစ်နေ့လျှင် စာသင်ချိန်(၃)နာရီနှုန်းဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)