ပြည်ကြီးတံခွန်မြို့နယ်၊ သူရသီဟကိုယ်ပိုင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်း ကျင်းပ

ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၇

ကျောင်းသားလူငယ်မောင်မယ်များ စာပေဖတ်ရှုလေ့လာမှု အားကောင်းလာစေရန်နှင့် မိမိတို့အတွေးအမြင် ဗဟုသုတများကို အချင်းချင်းမျှဝေဖလှယ်တတ်စေရန်ရည်ရွယ်၍ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ သူရသီဟကိုယ်ပိုင်ကျောင်းတို့ ပူး‌ပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါမြို့နယ်ရှိ သူရသီဟကိုယ်ပိုင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သူရသီဟကိုယ်ပိုင်ကျောင်းရှိ ကျောင်းအုပ်ဆရာကြီး ဦးအောင်ပိုက်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-11 ကျောင်းသား မောင်ဥက္ကာဖြိုးကျော်ကလူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူမဟေမာန်မိုးက လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မမြတ်နိုးကျော်ဟိန်းကလူငယ်နှင့်Social Media ခေါင်းစဉ်ဖြင့်လည်းကောင်း တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)