ပျော်ဘွယ် ဖေဖော်ဝါရီ ၇
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ်၊ ခင်ကြီးယကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲကို ဖေဖော်ဝါရီလ(၇)ရက်၊ နံနက်(၉)နာရီခွဲက အဆိုကျေးရွာကုန်ထုတ်လမ်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်က နိုင်ငံတော်အနေဖြင့် ကျေးရွာပြည်သူများအတွက် လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်စေရန် ဆောင်ရွက်ပေးနေမှုများ၊ ကျေးရွာပြည်သူများအနေဖြင့် ယခုဖောက်လုပ်ပြီးစီးသည့် ကုန်ထုတ်လမ်းကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးက ကုန်ထုတ်လမ်းဖောက်လုပ်ခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးတို့က လမ်းဖောက်လုပ်ရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် လမ်းဖောက်လုပ်ရေးကော်မတီဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မင်္ဂလာအချိန်တွင် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းအောင်၊ မြို့မိမြို့ဖ ဦးမောင်မောင်မြင့်နှင့် ကျေးရွာလမ်းဖောက်လုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းထွန်းတို့က ဖဲ့ကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ခင်ကြီးယကျေးရွာကုန်ထုတ်လမ်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း (၁၂၇.၀၆၅) ဖြင့် လမ်းအရှည် (၁) မိုင် (၅.၅) ဖာလုံ၊ အကျယ်(၁၂)ပေ၊ အမြင့်(၂)ပေ၊ (၉)လက်မရှိ ကုန်ထုတ်လမ်းကို ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အနီးဝန်းကျင်ရှိကျေးရွာများမှ ပြည်သူများ လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)