အောင်မြေသာစံမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း စိစစ်မှုများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဦးစီးမှူး ကွင်းဆင်းကြည့်ရှု

အောင်မြေသာစံ ဖေဖော်ဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ မြို့နယ်မြေပြင်လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီက မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်း စာရင်းစိစစ်မှုများကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်အား အုပ်စု(၂)စုခွဲ၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဥပုသ်တော်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် အိမ်ထောင်စု အမှတ်စဥ်နှင့် မိသားစုအမှတ်စဥ်များကို နေရပ်လိပ်စာအတိုင်း၊ နေထိုင်ခြင်း ရှိ/မရှိ၊ စာရင်းပြုစုခြင်း၊ သေဆုံးစာရင်းများ အတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင်တွင်နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိ နေထိုင်သူများ စာရင်းပြုခြင်း၊ မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်း မရှိသူများ၊ အိမ်ထောင်စုစာရင်း မရှိသူများအားစိစစ်၍ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်တစ်ခုခု ရရှိစေရေးတို့ကို ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်သည်။

အဆိုပါ ကွင်းဆင်းရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ဆွေ၊ အဖွဲ့ဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှူး ဦးသန်းထွန်းအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးသိန်းလွင်၊ မြို့နယ်မြေပြင်စာရင်းကောက်ယူရေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အကွက်တာဝန်ခံများက ကြီးကြပ်ဆောင်ရွက်ကြကြောင်း သိရ သည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)