ချမ်းမြသာစည် ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ လမ်း (၆၀)၊ ၁၀၉-၁၁၀ လမ်းရှိ Swallow Hotel တွင် ယနေ့နံနက် ၁၀ နာရီက အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး ကွန်ရက် (ASEAN- OSHNET)ဆုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် အလုပ်ရုံနှင့်အလုပ်သမားစစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဦးဖြိုးဝေဇော်က အဖွင့်အမှာစကားပြောကြားရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းရှင်များအား အသိအမှတ်ပြုသည့်အနေဖြင့် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ယက်(ASEAN-OSHNET) မှ ချီးမြှင့်သည့်ဆုများကို မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များသိရှိပြီး ပါ၀င်ယှဉ်ပြိုင်စေလိုသည့်အတွက် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် တည်ငြိမ်အေးချမ်းပြီး သင့်တော်ကောင်းမွန်သည့် လုပ်ငန်းခွင်များဖြစ်စေရေး တည်ဆဲအလုပ်သမားရေးရာဥပဒေများနှင့် စည်းကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော လုပ်ငန်းခွင်များဖြစ်ပေါ်လာစေရေး အလေးထား ဆောင်ရွက်ပေးခြင်းဖြင့် အလုပ်သမားနှင့် မိသားစုဝင်များ၏ လူမှုစီးပွားဘ၀များ တိုးတက်စေခြင်း၊ကုန်ထုတ် စွမ်းအားတိုးတက်စေခြင်း၊ ကျွမ်းကျင်လုပ်သား ဆုံးရှုံးမှုလျှော့ချနိုင်ခြင်း၊ လုပ်ငန်းပုံရိပ်ကို မြှင့်တင်ပေးခြင်းတို့အပြင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး “အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးဆု”နှင့်ပတ်သက်သည့် Video Clip ကို ရှင်းလင်းပြသခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကော်ဖီ၊ မုန့်များဖြင့် တည်ခင်းဧည့်ခံပြီးနောက် ဒုတိယပိုင်း အခမ်းအနား အစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးဦးဖြိုးဝေဇော်က ASEAN - OSHNET ဆုများအတွက် သတ်မှတ်ထားသည့်စံနှုန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ASEAN-OSHNET ဆုရရှိ သည့် RVK Meditech Co.Ltd ဆေးဝါးစက်ရုံ၊ Apache Cement Co., Ltd ဘိလပ်မြေစက်ရုံနှင့် Myanmar CP Livestock Co- Ltd အစာစပ်စက်ရုံများမှ တာဝန်ရှိသူများက ဆုယှဉ်ပြိုင်လျှောက်ထားခဲ့မှု အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသူများကို မေးမြန်းခဲ့ကြရာ တာ၀န်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးနောက် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ဒုတိယ ညွှန်ကြားရေးမှူး ဦးဖြိုးဝေဇော်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားသို့ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဦးဖြိုးဝေဇော်၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၀င်များ၊ ဖိတ်ကြားထားသည့် စက်ရုံ၊အလုပ်ရုံများမှ ကိုယ်စားလှယ်များ၊ အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရရှိခဲ့ကြသည့် စက်ရုံများမှကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့