လူနေရပ်ကွက်များအတွင်း ပွင့်လင်းရာသီကာလ မီးလောင်မှု မီးလန့်မှု မဖြစ်ပွားစေရေး ပညာပေးစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် တပ်ဖွဲ့ဝင်များသည်၊ ပွင့်လင်းရာသီကာလ လူနေရပ်ကွက်များအတွင်း မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးအတွက် လှည့်လည်စစ်ဆေးခြင်း၊ ပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ(၃)နာရီက အောင်မင်္ဂလာရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ဦးစီးမှူး ဦးသန်းမြင့်နှင့် တပ်ဖွဲ့ဝင်များသည်၊ ရပ်ကွက်တာဝန်ရှိသူများနှင့်အတူ အောင်မင်္ဂလာရပ်ကွက်ရှိ လူနေအိမ် ၁၇၀၊ အိမ်ထောင်စု ၁၉၈ စုမှ လူဦးရေ(၇၂၀)ခန့်တို့အား မီးဘေး အသိပညာပေးခြင်းနှင့် မီးလောင်လွယ်သည့် အမှိုက်သရိုက်များ ရှင်းလင်းထားရှိရေး၊ မီးဖိုမီးနှင့် နီးကပ်စွာမထားရေးနှင့် လျှပ်စစ်မီး အသုံးပြုသူများအနေဖြင့် မီးကြိုးများ ကြံ့ခိုင်မှုရှိရေး၊ မိန်းခုံများ မီးကြိုးရှုပ်ထွေးမှုမရှိစေရေးနှင့် ကလေးများ၊ စိတ်ပေါ့သွပ်သူများ မီးအသုံးမပြုစေရေးတို့ကို ဆွေး နွေး မှာကြားကြသည်။ ယင်းနောက် နေအိမ်တိုင်း မီးဘေးကာကွယ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကတ်၊ သဲ၊ ရေ၊ လှေကားများထားရှိမှု ရှိ/မရှိ၊ တို့ကို လှည့်လည်စစ်ဆေးခဲ့ကြသည်။

နေအောင်(ပြန်/ဆက်)