မန္တလေး ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ မြို့နယ်မြေပြင်လူဦးရေ စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီက မြို့နယ်အတွင်းရှိ လူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်းစာရင်းစိစစ်မှုများကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ ဆောက်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်ကြီးကျက်သရေ(အနောက်)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးသိန်းလွင်၊ မြို့နယ်မြေပြင်စာရင်းကောက်ယူရေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အကွက်တာဝန်ခံများက အိမ်ထောင်စု အမှတ်စဥ်နှင့် မိသားစုအမှတ်စဥ်များကို နေရပ်လိပ်စာအတိုင်း၊ နေထိုင်ခြင်း ရှိ/မရှိ၊ စာရင်းပြုစုခြင်း၊ သေဆုံးစာရင်းများ အတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိနေထိုင်သူများ စာရင်းပြုခြင်း၊ မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်း မရှိသူများ၊ အိမ်ထောင်စုစာရင်း မရှိသူများအား စိစစ်၍ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်တစ်ခုခု ရရှိစေရေးတို့ကို ကွင်းဆင်း ဆောင်ရွက်ကြရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ အဖွဲ့ဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှူး ဦးသန်းထွန်းအောင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့်တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)