ချမ်းအေးသာစံ ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ သုမင်္ဂလာဈေး(ညံတောဈေး) ခြောက်ထပ်အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းနှင့် သီရိရတနာဈေးသို့ သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၂)ရှိ သုမင်္ဂလာဈေး (ညံတောဈေး) ခြောက်ထပ်အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေး စီမံကိန်းသို့ရောက်ရှိရာ စီမံကိန်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မြေညီထပ်မှစ၍ အထပ်အလိုက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး ဆိုလာပြားများ တပ်ဆင်သွားမည့်အခြေအနေ၊ ယာဉ်ရပ်နားသည့် နေရာအတွင်း EV ကားများအတွက် Battery Charger နေရာများဆောင်ရွက်နေမှု၊ ရေ/မီးစနစ်၊ ရေဝင်ရေထွက်နှင့် ရေဆိုးစွန့်ပစ်မှုစနစ်များ ကောင်းမွန်စေရန် ဆောင်ရွက်နေမှုတို့အား လိုက်လံ ရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲလာရောက် စစ်ဆေးစဉ်လမ်းညွှန်မှာကြားချက်များကို ပြီးမြောက်အောင် အလေးထားဆောင်ရွက်သွားရေးနှင့်လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် ပြီးစီးရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရေးတို့ကို ပြောကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် တည်ဆောက်ရေးစီမံကိန်းအတွင်းနှင့် ရေဆိုးစွန့်ပစ်မှုစနစ်များ ကောင်းမွန်စေရန် Box Culvert ဆောက်လုပ်နေမှုနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ဆောင် ရွက်မည့်အခြေအနေများကို လိုက်လံကြည့်ရှုခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရပ်ကွက်ကြီး (၁၀)ရှိ သီရိရတနာဈေးသို့ ရောက်ရှိပြီး တာဝန်ရှိသူများက သီရိရတနာဈေးတွင် ညံတောဈေးမှ ဈေးသူဈေးသားများအား ယာယီနေရာ ချပေးထားမှု၊ ဈေးတွင်ရောင်းဝယ် ဖောက်ကားနေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဈေးသူ၊ဈေးသားများနှင့် ဈေးဝယ်လာပြည်သူများ အဆင်ပြေ ချောမွေ့စေရေး၊ စိတ်ချမ်းမြေ့စေရေး၊ ဈေးနှင့်ဈေးပတ်ဝန်းကျင် အစဉ်အမြဲ သန့်ရှင်းသပ်ရပ်စေရေး၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် ရှုပ်ထွေးမှုမရှိစေရေး အလေးထားကာ စနစ်တကျ ကြပ်မတ်ဆောင်ရွက် သွားရန်တို့ကို ပြောကြားပြီးနောက် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်ပြည်သူများကို ရင်းနှီးစွာ နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင် (ပြန်/ဆက်)