နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ ကွင်းအမှတ် (၁၈၁၇) တွင် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီဌာန (ရေအရင်းအမြစ်)မှ စိုက်ပျိုးရေ ပေးဝေရန်အတွက် မြေအောက်ရေ စက်ရေတွင်း တူးဖော်မည့် နေရာအားကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့် စိုက်ပျိုးရေပေးဝေမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မြေအောက်ရေ စက်ရေတွင်း တူးဖော်ရာတွင် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ တောင်သူများစွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးဧကများစွာ အသုံးပြုနိုင်ရေးကို တွက်ချက်ပြီး ဆောင်ရွက်ရမှာ ဖြစ်ကြောင်းမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် အဆိုပါ ကွင်းအမှတ် ၁၈၁၇ အတွင်း ဆောင်းသီးနှံ နေကြာစိုက်ခင်းနှင့် မတ်ပဲသီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ရန်အောင်မြင်ကျေးရွာ ကွင်းအမှတ် (၁၆၂၈) တွင် နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီဌာန (ရေအရင်းအမြစ်)မှ စိုက်ပျိုးရေပေးဝေရန်အတွက် မြေအောက်ရေ စက်ရေတွင်း တူးဖော်မည့် နေရာအားကြည့်ရှုစစ်ဆေးပြီး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)များ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူမျာအား မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးစသည့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးအတွက် အဓိကလိုအပ်ချက်တွင် ပြည်တွင်း ထုတ်ကုန်များ ပြည့်ဝစွာ ထုတ်လုပ်နိုင်ရေးပင်ဖြစ်ကြောင်း၊  သီးထပ်စွမ်းအားများ တိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်းတိုးတက်ထွက်ရှိရေး၊ ဆီထွက်သီးနှံများ အထွက်နှုန်းပြည့်ဝစွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သီနှံများ ရည်မှန်းချက်ပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရေး၊ သွင်းအားစုများကို သဘာဝမြေဩဇာများ တွင်ကျယ်စွာ အသုံးပြုရေး၊ စိုက်ပျိုးမြေများကို စနစ်တကျပြုပြင်ပြီး စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေများကို အလေအလွင့် မရှိစေရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ရန်နှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရန်အတွက် သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးကြရန် လိုအပ်ပြီး တောင်သူအသိပညာပေးစင်တာ(KC)များတွင်လည်း တောင်သူအသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရန်တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားတိုးတက်ရေး၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် တက်ရောက် ပညာသင်ယူနိုင်ရေးတို့ကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ ‌ဒေသအတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။ 

ထို့နောက် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာကြသူများက လိုအပ်သည်များတင်ပြကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ပျံချီ)သို့ သွားရောက်၍  စက်မှုဘာသာရပ်၊ စိုက်ပျိုးရေးဘာသာရပ်များနှင့် မွေးမြူရေးဘာသာရပ်များတွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်၍ ပညာသင်ကြားနေမှုကိုလည်းကောင်း၊ ကျောင်းဝင်းအတွင်း သုံးထပ်ကျောင်း ဆောင်သစ်တည်ဆောက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးစစ်ဆေးပြီး လုပ်ငန်းများကို စံချိန်စံညွှန်းပြည့်မီရေး၊ ရေရှည်ခိုင်ခံ့စေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးရေးတို့ကို တာဝန်ရှိသူများ မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)