တရားရုံးကဦးဆောင်သော စေ့စပ်ဖြေရှင်းရေးစနစ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်

မန္တလေး ဖေဖော်ဝါရီ ၆

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ တတိယနှစ်မဟာဗျူဟာ လုပ်ငန်းအစီအစဉ်(၂၀၂၅)၊ မဟာဗျူဟာအစီအစဉ် ၅ . ၃ . ၁ အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက်ရည်ရွယ်၍ “တရားရုံးကဦးဆောင်သော စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ” ကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ၊ မန္တလေးတက္ကသိုလ်၊ ဥပဒေပညာဌာန၊ Multi- room တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ ဦးစီးအရာရှိ ဒေါ်စုသက်ငုံက “Mediation System In the World ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စေ့စပ်ဖြေရှင်းရေး ဌာနတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဌေးဇင်မော်က “တရားရုံးကဦးဆောင်သောစေ့စပ်ဖြေရှင်းရေးစနစ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးစောမျိုးမျိုးက “စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဟောပြောကြရာ တက်ရောက်လာ‌ကြသော မန္တလေးတက္ကသိုလ်၊ ဥပဒေပညာဌာန ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ ဖြေဆိုခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ကြသည်။

အဆိုပါဟောပြောပွဲသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မန္တလေးတက္ကသိုလ်၊ ဥပဒေပညာဌာနပါမောက္ခဒေါက်တာ သီတာအောင်နှင့် ဆရာမများ၊ ဥပဒေပညာအထူးပြု ကျောင်းသားကျောင်းသူများ စုစုပေါင်း (၉၀) ဦး တက်ရောက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)