စစ်တွေ ဖေဖော်ဝါရီ ၆
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော် နေပူခံကျောက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေးဟောင်းသမိုင်းဝင် စကြာမုနိဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီး၊ ရေချမ်းများကပ်လှူပူဇော်ကြပြီး စေတီတော်နှင့်ဘုရားသိမ်တော် ဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်မြတ်ကြီးရင်ပြင်တော်၌ နေပူခံ ကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် တည်ဆောက်ရေးပစ္စည်းများရောက်ရှိနေမှု၊ လုပ်ငန်းဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျောက်ပြားခင်းခြင်းလုပ်ငန်းများကို စနစ်တကျ သပ်ရပ်စွာဖြင့်ရေရှည် တည်တံ့ ကောင်းမွန်အောင် ဆောင်ရွက်ကြရန်နှင့် မိမိတို့တတ်ကျွမ်းသည့် ပညာဖြင့်ကုသိုလ်ပြုခွင့် ရရှိသည့်အတွက် စေတနာအပြည့်ဖြင့် ကုသိုလ်ယူဆောင်ရွက်ကြရန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာရဝိဇယ ဆင်းတုတော်နှင့် အဘယရာဇ မုနိဆင်းတုတော် ကိန်းဝပ်အပူဇော်ခံတော်မူမည့် စံကျောင်းတော် နှစ်ဆောင် ဆောက်လုပ်နေမှုနှင့် ဆောက်လုပ်ပြီးစီးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ နေပူခံကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် မြေကြီးပြုပြင်ခြင်းလုပ်ငန်း၊ ရေနှုတ်မြောင်းများပြုလုပ်ခြင်းလုပ်ငန်း၊ Compartment Wall ပြုလုပ်ခြင်းနှင့် သဲဖြည့်ရေလောင်းသိပ်သည်း အောင်ပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးကာ အောက်ခံကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ၊ ကျောက်ပြားကပ်ရန်ကြမ်းခင်းအမာခံ ပြုလုပ်ခြင်းလုပ်ငန်းများ၊ ကျောက်ပြားများ ဖြတ်ညှိခြင်းလုပ်ငန်းများနှင့် ကျောက်ပြားများရွှေ့ ပြောင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)