ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာ ရက်တိုသင်တန်းကို ယနေ့နံနက်(၉)နာရီက ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစာကြည့်တိုက်ပညာ ရက်တိုသင်တန်းကို၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒေါ်မေသက်နွယ်က စာအုပ်များ မျိုးတူစုခွဲခြားခြင်းနှင့် မှတ်သားမှု စနစ်ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် စာကြည့်တိုက်လက်ထောက်(၃) ဒေါ်အောင်မေသန်းက စာအုပ်များ လက်တွေ့စာရင်းရေးသွင်းနည်း၊ ရရှိ/ ရောက်ရှိလာသည့် စာအုပ်များကို ဖွင့်ဖောက်စစ်ဆေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်း ဆွေးနွေးပြီး၊ ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက ကတ်တလောက် ရေးသွင်းနည်းစနစ်များနှင့် စာကြည့်တိုက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးပြီး၊ တက်ရောက်လာသူများမှ မေးမြန်းသည်များကို မြို့နယ်ဦးစီးမှူးနှင့် သင်တန်းနည်းပြများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခြေခံစာကြည့်တိုက်ပညာ သင်တန်းသို့ လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်ခိုင်မိုးထွေးနှင့် အခြေခံပညာကျောင်းများမှ စာကြည့်တိုက်တာဝန်ခံ ဆရာ/ဆရာမ (၂၁)ဦး၊ စာကြည့်တိုက်အသစ် ဆောက်လုပ်ထားရှိသည့် တောင်ခြေကျေးရွာနှင့် စာကြည့်တိုက် ပြန်လည်ပြုပြင် တည်ဆောက်ထားသည့် ပြည်တော်သာ(ဝါးရုံကုန်း)ကျေးရွာမှ စာကြည့်တိုက် တာဝန်ခံ(၄)ဦး စုစုပေါင်း စာကြည့်တိုက် တာဝန်ခံ(၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရပြီး သင်တန်းကာလမှာ (၁)ရက်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)