ကျောက်ဆည်မြို့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ကျောက်ဆည် ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲပိုင်းက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာပေဖတ်ရှုသည့် အလေ့ အကျင့်ကောင်းများရရှိစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များ ပိုမိုရရှိစေရေး၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိစေရေးနှင့် အားလပ်သည့်အချိန်များတွင် စာကြည့်တိုက်သို့လာရောက်ပြီး စာအုပ်စာပေများ အခမဲ့ဖတ်ရှုနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအပြီးတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောသုတ၊ ရသစာအုပ်များနှင့် အရွယ်မရောက်သေးသောကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

စုစုအေး (ကျောက်ဆည်)