နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

ကျောက်ဆည် ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်( ကျောက်ဆည်)တွင် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနနှင့် အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး (ကျောက်ဆည်)မြို့တို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၁)နာရီက အောင်ဆန်းခန်းမတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာ ခင်မောင်ချင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်သန်းမြင့်က ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု (၂၀၂၀)ခုနှင့် ဥပဒေအကြောင်းများဖြစ်သည့် မော်တော်ယာဉ်/နှင့် မော်တော်ယာဉ်မောင်းသူများ၏ လိုင်စင်များအကြောင်း၊ ယာဉ်မောင်းသူများ လိုက်နာရမည့် စည်းကမ်းများ၊ မော်တော်ဆိုင်ကယ်စီးနှင်းသူများ လိုက်နာရမည့် စည်းကမ်းများနှင့် ယာဉ်မတော်တဆမှုကြောင့် ဖြစ်ပေါ်လာသသည့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်းနှင့် ဥပဒေ၊ နည်းဥပဒေများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ စစ်ဆေးရေးမှူး(၂)ဦးမြတ်သူရိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ကျောင်းသား/ကျောင်းသူများက မေးမြန်းသည့် သိရှိလိုသည့်အကြောင်းများ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)