ပရိယတ္တိသာသနဟိတအသင်း သာမဏေကျော် စာအောင်လက်မှတ်ဆက်ကပ်ပွဲ အခမ်းအနားကျင်းပ

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၆

ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၄၃၅ လမ်းကြား၊ ၈၅ လမ်းရှိ  ပရိယတ္တိသာသနဟိတအသင်း၊ ဗိမာန်တော်တွင် အဆိုပါအသင်း၏ (၇၄)ကြိမ်မြောက် သာသနာလင်္ကာရ သာမဏေကျော် စာအောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ပရိယတ္တိသာသနဟိတအသင်း၏  (၇၄)ကြိမ်မြောက် သာသနာလင်္ကာရ သာမဏေကျော် စာအောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲသို့ အသင်းဩဝါဒစရိယဖြစ်တော်မူသည့် နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ချမ်းအေးသာစံမြို့နယ်၊ မိုးကောင်းတိုက်၊ ဇေယဝတီ ကျောင်းဆရာတော် ဘဒ္ဒန္တသုဇနာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများ၊ ပင့်သံဃာ တော်များ၊  စာအောင်သာမဏေများ၏ ဆရာတော်များ၊ စာအောင်ပင့်သာမဏေများ၊ စုစုပေါင်း ၂၈၄ ပါးကြွရောက်တော်မူကြပြီး အသင်းဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးစိုးလွင်၊ ဒေါက်တာကိုကိုအေး၊ ဦးသိန်းထွန်း၊ အတွင်းရေးမှူး ဦးဇော်ဇော်တို့နှင့် အလုပ်အမှုဆောင်များ၊ အလှူရှင်များနှင့် စာအောင်သာမဏေများ၏ မိဘဆွေမျိုးများ၊  တက်ရောက်ခဲ့ကြသည်။         အဆိုပါအခမ်းအနားတွင် “နမောတဿ”သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ဇယဝတီကျောင်း ဆရာတော်ဘုရားကြီးထံမှ  ငါးပါးသီလခံယူကာ သံဃာတော်များရွတ်ပွားချီးမြှင့်သည့် မေတ္တာသုတ်ပရိတ်တော်အား နာယူခဲ့ကြသည်။၊ ထို့နောက် ပင့်သံဃာတော် အရှင်သူမြတ် တို့အား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး တာဝန်ရှိသူများမှ စာအောင်ပင့်သာမဏေ (၂၀၀) ပါးတို့အား ခန်းမအတွင်း ပင့်ဆောင်ခြင်း၊ ဇယမင်္ဂလာအောင် ဂါထာတော်ဖြင့် စာအောင်အရှင်သူမြတ်တို့အား ပူဇော်ခြင်း၊ စစ်ကိုင်းမြို့၊ မြစကြာကျောင်းတိုက်မှ ရှင်ပညာ ပဇ္ဇောတ၊ ရှင်ဓမ္မသာရနှင့် ရှင်လောကသစ္စ တို့အား ၎င်းတို့၏ ဆရာတော် ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသမှ စာထောက်စာမ မေးမြန်းခြင်း၊ စာအောင်သာမဏေကျော် တို့အား သာသနာတော်ကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲစေရန်ရည်သန်လျှက် အတ္တ+ပရ နှစ်ဝအကျိုးတိုးပွားစိမ့်သောငှါ ရှေ့အဘို့၌လည်း ပရိယတ်ပဋိပတ်လုပ်ငန်းများ ဆက်လက် အားထုတ်လျှက်နေထိုင်ကြရန် မဟာထေရ်ကြီးတို့၏ ကိုယ်စားပြု၍ ဇယဝတီဆရာတော် ဘုရားကြီးမှ သြဝါဒအနုသာသနီပေးတော်မူခြင်းနှင့် အနုမောဒနာတရားချီးမြှင့်ပြီး ရေစက်ချ အမျှပေးဝေခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့ကြသည်။

၎င်းနောက် အသင်းတာဝန်ရှိသူများမှ တတိယဆင့်၊ ဒုတိယအဆင့်နှင့် ​ပထမအဆင့်အောင် သာမဏေများအား ဘွဲ့ပုံတော်လက်မှတ်များ ဆက်ကပ်လှူဒါန်းပြီး အလှူရှင်များမှ လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူ၍ “ဗုဒ္ဓသာသနစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းနှင့် (၇၄)ကြိမ်မြောက် သာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲတွင်  တတိယဆင့်၊ ဒုတိယအဆင့်နှင့် ​ပထမအဆင့်အောင် သာမဏေ (၁၂၀၅) ပါးဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်